ပင်းတယမြို့နယ်၌ စိုက်ပျိုးထားသော ရင်ကွဲသရက်သီးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ပင်းတယ ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ အများစုမှာ စိန်တလုံးသရက်သီးကိုသာ အဓိကထား စိုက်ပျိုးကြပြီး၊ အမျိုးအစားမတူသည့် သရက်ခြံများလည်း စိုက်ပျိုးထားရှိရာ ယခုအခါ ရင်ကွဲသီးသရက်ခြံများလည်း စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရင်ကွဲသရက်သီးအမျိုးအစားမှာ အကိုင်းဆက်ပင်များဖြစ်ပါက စိုက်ပျိုးသည့် အချိန်မှ ၄ နှစ်အကြာတွင် အပင်မှ သရက်သီးများ စတင်ခူးဆွတ်နိုင်ကြောင်းနှင့် နဂို မူလအတိုင်း စိုက်ပျိုးသည့် အပင်များဖြစ်ပါက ၅ နှစ်မှ ၆ နှစ်အချိန်ကျမှ အသီးများ ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း၊ ယခင်နှစ်က သရက်သီးထည့်သည့် သေတ္တာတွင် စတားသီး၊ ဝမ်း၊ တူး၊ အကြီး၊ အလတ်နှင့် အငယ်ခွဲခြားပြီး အရွယ်အစားပေါ်မူတည်၍ အလုံးရေ ၄၅ လုံးမှ ၆၀ လုံးခန့် ထည့်သွင်းကာ ရန်ကုန်ပွဲရုံသို့ တင်ပို့ရောင်းချကြောင်း၊ သရက်သီးထည့်သည့် သေတ္တာတစ်လုံးတွင် ၂၂၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ် အထိ ဈေးရရှိခဲ့ကြောင်း သရက်ခြံစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

အောင်ကိုဦး(ဒေသပြန်/ဆက်)