မုဒုံ ဖေဖော်ဝါရီ ၁
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က (ကမာဝက်) စာသင်ကျောင်းရှိ ရွှေစင်ညီလာခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းတွင် ကမာဝက်မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်က အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေ၍ ပြန်လည်မျှဝေ ပေးနိုင်ရန်၊ ကျောင်းသား/ သူ အချင်းချင်းစည်းလုံးညီညွတ်၍ ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်အား/ ကာမှူးတို့က ဆောင်ရွက်ပေးပြီး ကျောင်းသား/ သူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြ၍ တက်ရောက်လာကြသည့် ကျောင်းသား/ သူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကာ စာအုပ်စာစောင်နှင့် အသိပညာပေးနံရံကပ်ပိုစတာများပြသခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)