မုဒုံ ဖေဖော်ဝါရီ ၁
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဥယျာဥ်ခြံများ၌ ကြားညှပ်၍ ကိုကိုးပင်များကို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေများရရှိနိုင်ကြောင်း သိရသည်။
ကိုကိုးပင်များကို မိုးရာသီတွင် စတင်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး သုံးနှစ်အကြာတွင် အပွင့်များစပွင့်ကာ ငါးနှစ်ခန့်အကြာတွင် ခူးဆွတ်ရောင်းတန်းဝင် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်ကြောင်း၊ ယခင်နှစ်က ကိုကိုးသီးများကို တစ်ကီလိုလျှင် ငွေကျပ် ၅၅၀ ဝန်ကျင်ရရှိပြီး လက်ရှိအချိန်တွင် တစ်ကီလိုလျှင် ငွေကျပ် ၆၅၀ ဝန်းကျင်အထိ ရရှိကြောင်း၊ ကိုကိုးပင်များသည် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကို မကြိုက်သောကြောင့် ရေမြေဒေသအခြေအနေအရ အစိုဓာတ်ရှိသည့် မြေနေရာများတွင် စိုက်ပျိုးမှုဖြစ်ထွန်းနိုင်ကြောင်း နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) မှ ခြံတာဝန်ခံ ဦးမောင်မောင်မြင့်ထံမှ သိရသည်။
မုဒုံမြို့နယ်တွင် ရော်ဘာပင်များကို အများအပြားစိုက်ပျိုးကြပြီး ကြားသီးနှံအဖြစ် ကိုကိုးပင်များကို စိုက်ပျိုးနိုင်ကာ တောင်သူများအနေဖြင့် ရော်ဘာစိုက်ပျိုးမှုဝင်ငွေအပြင် အကျိုးအမြတ်များပိုမို ရရှိနိုင်သောကြောင့် စိုက်ပျိုးရန်သင့်တော်သည့် သီးနှံပင်တစ်မျိုးဖြစ်သည်။ အဆိုပါ ကိုကိုးသီးကုန်ကြမ်းများကို ကော်ဖီ၊ ချောကလပ် ကုန်ချောခြောက်မျိုး၊ လက်ဖက်ခြောက် စသည့်ကုန်ပစ္စည်းများကို ထုတ်လုပ်ကြ၍ ပြည်တွင်းပြည်ပသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)