ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားပြောစွမ်းရည်မြင့်မားစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို ရည်ရွယ်၍ ကျောက်ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာရီရီမွန်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် Civil တတိယနှစ်မှ အောင်ကိုကိုခန့်က လူငယ်နှင့်ပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ EP ဒုတိယနှစ်မှ မအေးမြတ်မောင်မောင်က လူငယ်နှင့် Life Skill ခေါင်းစဉ်ဖြင့်လည်းကောင်း၊ EC ဒုတိယနှစ်မှ မောင်ဟိန်းမင်းထက်က လူငယ်နှင့်အချိန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Civil တတိယနှစ်မှ မမွှေးမွှေးက လူငယ်နှင့်အင်တာနက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Mech တတိယနှစ်မှ မောင်အောင်ထွန်းဦးက လူငယ်နှင့်စာရိတ္တ၊ EC ဒုတိယနှစ်မှ မရီရီမြင့်က လူငယ်နှင့် Digitalization ခေါင်းစဉ်၊ ပထမနှစ် EP မှ မောင်ထိုက်အောင်က လူငယ်နှင့်မိတ်ကောင်းဆွေကောင်း ခေါင်းစဉ်များဖြင့် အလှည့်ကျဆွေးနွေးကြပြီး၊ ဆွေးနွေးချက်များအပေါ် ကျောင်းသား/ကျောင်းသူများက သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ World Youth Skill Day တွင် ဆုရရှိခဲ့သူ မောင်ဟိန်းမင်းထက် (ဒုတိယနှစ် EC) အား ကျောင်းအုပ်ဆရာမကြီးက ဆုချီးမြှင့်ပြီး၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်အား လက်ဆောင်ပစ္စည်း ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာရီရီမွန်၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့်ဝန်ထမ်းများ၊ ပထမနှစ်မေဂျာစုံမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)