ပန်ဆိုင်း(ကြူကုတ်)မြို့၌  ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပန်ဆိုင်း အောက်တိုဘာ  ၃၀

၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ မွန်းလွဲ(၃)နာရီ အချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ဌာနဆိုင်ရာများတွေ့ဆုံ ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်က “ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲရုံအသီးသီးတွင် ကြီးကြပ် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများအား နေရာသတ်မှတ် လျာထားမှုများနှင့် မဲရုံသုံးပစ္စည်းများစနစ်တစ်ကျထုတ်ပေးခြင်းအကြောင်းအရာများ” ရှင်းလင်းပြောကြားပြီး မြို့နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်မျိုးပိုင်က “ရပ်ကွက်/ကျေးရွာများရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် အတွက် အထူးရဲများ၏ တာဝန်ခွဲဝေလျာထားခြင်း”တို့ကို  ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ တာဝန်ခံဆရာဝန်ဒေါက်တာတီခွန်ဆန်ဒွန်းက “မဲရုံများတွင် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက် ရှောင်ရန်၊ ရှောင်ရန် သိကောင်းစရာ”များကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  အဖွဲ့ဝင်များမှ လိုအပ်သည့် အကြံပြုချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို  အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)