ဗိုလ်တထောင် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုအခါ ပူပြင်းခြောက်သွေ့သည့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးများစနစ်တကျသုံးစွဲခြင်း ရှိ/ မရှိ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးညီညီ ဦးဆောင်သည့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၄) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂) ဦးတို့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအဖွဲ့ဝင်များနှင့်အတူ အမှတ် (၁၀) ရပ်ကွက်အတွင်း မီးဖိုအသုံးပြုသည့်နေအိမ်များ၊ အခြားမီးသုံးစွဲသည့် နေအိမ်များ မီးများစနစ်တကျသုံးစွဲမှု ရှိ/ မရှိ စစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရမည့် နည်းလမ်းများ အသိပညာပေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၂) ရပ်ကွက်အတွင်း အလှည့်ကျသွားရောက်၍ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်နေပြည်သူများ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန်အတွက် မီးသတ်ယာဥ်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးသရုပ်ပြခြင်းနှင့် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းခြင်းလုပ်ငန်းများ စဥ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဝင်း