ပူတာအိုမြို့၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ပူတာအို ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဝါးများကို မူလအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်လုပ်၍ ရောင်းချလျှင် ဝင်ငွေပိုမိုရရှိစေခြင်းကြောင့် ဒေသထွက်ဝါးများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တတ်လာနိုင်စေရန်၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ လက်မှုအနုပညာ ပစ္စည်းများကို စိတ်ကူးဉာဏ်ရှိသလို ထုတ်လုပ်တတ်စေရန်နှင့် ဆင်းရဲမှုလျှော့ချရေးကို တဖက်တလှမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က ဝါးအသင်းအဖွဲ့အား နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက သင်တန်းသားငါးဦးအား လက်သုံးကိရိယာပစ္စည်းများကို လည်းကောင်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုးက သင်တန်းသားများအား သင်တန်းထွက်ကုန် ချောပစ္စည်းများကိုလည်းကောင်း၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ် များကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းတာဝန်ခံ မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက သင်တန်းဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ က သင်တန်းထွက်ကုန်များ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သူ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ဝါးကုန်ကြမ်းရွေးချယ်ခြင်း၊ ဝါးတာရှည်ခံ၍ ပိုးမစားစေရန် ကာကွယ်ခြင်း၊ နှီးဖြာခြင်းနှင့် နှီးအချောသတ်ခြင်း၊ အရောင်ဆိုးခြင်းနှင့် အရောင်တင်ခြင်း၊ ဒီဇိုင်း ပုံဖော်ရက်လုပ်ခြင်း၊ လူသုံးကုန်များပြုလုပ်ခြင်းနှင့် ရက်ထည်ကောလိပ် အနုထည်ပြုလုပ်နည်းများကို သင်ကြားပြသပေးခဲ့သည့်အပြင် ဝါးမှထွက်ရှိသော ကုန်ချောပစ္စည်း ခုနှစ်မျိုးတို့ကို ဇန်နဝါရီ (၁၇)ရက်မှ (၃၁)ရက်နေ့အထိ သင်တန်းကာလရက် သတ္တပတ်နှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)