မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်        

မော်လမြိုင် ဇန်နဝါရီ ၃၁      

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုမွန်ပြည်နယ် မော်လမြိုင်မြို့၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ကျင်းပရေးဦးစီးကော်မတီနာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပလျက်ရှိသော အခမ်းအနားတစ်ခုဖြစ်သောကြောင့် သက်ဆိုင်ရာကော်မတီများ၊ ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်များက အတွေ့အကြုံများကိုလေ့လာပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများမဖြစ်ပေါ်စေရေး၊ အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမှာဖြစ်‌ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျင်းပရေးလုပ်ငန်းကော်မတီများမှ ကော်မတီအလိုက်လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်တင်ပြကြပြီး ကျင်းပရေးကော်မတီဝင်ဝန်ကြီးများက အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယ​နေ့၊ ​မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​​အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၅၆ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၉၃၄၇၅၈.၂၄၈ နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၇ ခု၊ အမေရိကန်ဒေါ်လာ ၅၁၃၆.၃၉၆ သန်းရှိနေပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၄၈၇ ဦး ရရှိနေပြီလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏မူဝါဒအရ အားပေးမြှင့်တင်မည့် စီးပွားရေးကဏ္ဍများအပြင် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာရေးနှင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝိုင်းဝန်းကြံဆ ဆွေးနွေးပေးကြစေလို‌ကြောင်း ​ပြောကြားသည်၊၊

ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်း​အောင်မှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်တင်ပြလာသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ Min Oo Motor Myanmar Co., Ltd. ၏ ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်မှုဖြင့် နှစ်ဘီးသုံးဘီးမော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းအား အတည်ပြုပေးနိုင်ရန်တင်ပြခြင်းနှင့် M Rubber Co., Ltd. ၏ ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် သဘာဝရာဘာများအား သန့်စင်အဆင့်မြှင့်တင်၍ ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်းအားတည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းများအ​ပေါ် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များမှ ​ဖြည့်စွက်ဆွေး​နွေတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်​ပေးခဲ့‌ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)