နမ့်ခမ်း အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့၊ အမှတ်(၁၁)ရပ်ကွက် အနီးရှိ တောင်သူ ဦးစိုင်းအိုက်၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းမှ စပါးစံကွက်ရိတ်သိမ်းချိန်တွယ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခန့်အချိန်က နမ့်ခမ်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကြည်နိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးမှ အဖွဲ့ဝင်များနှင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများက လာရောက်ကြည့်ရှုအားပေးသည်။
နမ့်ခမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက "ယနေ့ရိတ်သိမ်းတဲ့ မိုးစပါးစံကွက်ဟာ စပါးအထွက်ကောင်းတဲ့ (UD 16) မျိုးစေ့ထုတ် စပါးမျိုးဖြစ်ပါတယ်၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းစံကွက်ဟာဆိုရင် နမ့်ခမ်းမြို့နယ်အတွင်းရှိ စိုက်ကွင်းတွေအားလုံးထက် အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်၊ စံကွက်ရိတ်သိမ်းပြီး ချိန်တွယ်တွက်ချက်မှုအရ စပါးအစို(၁၄၉.၂၉)တင်းထွက်ရှိပြီး စပါးအခြောက်(၁၄၄.၈၁)တင်း နှင့်ညီမျှပါတယ်" လို့ ပြောကြားခဲ့သည်။
ဆိုင်ထွန်း(ပြန်/ဆက်)