နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့်၊ MSME လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ နံနက် ၁၁ နာရီခွဲက ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေသော အိမ်သူလင်း ထန်းလျှက်မျိုးစုံ ထုတ်လုပ်မှုလုပ်ငန်း အခြေအနေများ၊ ရွှေဆိတ်ဖျော်ရည် မျိုးစုံထုတ်လုပ်မှု အခြေအနေများနှင့်  ရွှေဇလပ် ဆီစက်လုပ်ငန်းမှ ဆီကြိတ်ခွဲ ရောင်းချနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး၊ ကုန်ကြမ်းရရှိမှု အခြေအနေများ၊  ကုန်ချောအမယ်များ ဖြန့်ဖြူးနိုင်မှု ဈေးကွက်အခြေအနေများနှင့်  လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကြသည်။ အဆိုပါ စစ်ဆေးကြည့်ရှုခဲ့ကြသည့် အိမ်သူလင်း ထန်းလျှက်လုပ်ငန်းတွင် ထန်းလျှက်သီးခြားအပြင် နို့ထန်းလျှက်၊ ချင်း/ကွမ်းထန်းလျှက်၊ ဇီးထန်းလျှက်၊ ဒိန်ချင်ထန်းလျှက်နှင့် ထန်းလျှက်အခြေခံ ယိုထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ နိုင်ငံခြားဈေးကွက်အထိ ထိုးဖောက်ဖြန့်ဝေလျက် ရှိကြောင်းနှင့် ရွှေဆိတ်ဖျော်ရည် မျိုးစုံလုပ်ငန်းမှာလည်း ဒေသထွက် ဇီး၊ မန်ကျီး အစရှိသည့် သစ်သီးဖျော်ရည်များကို အဆင့်မြင့်ထုတ်လုပ်၍ နိုင်ငံခြားဈေးကွက်အထိ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွှေဇလပ် ဆီစက်လုပ်ငန်းမှာ ကုန်ချောရရှိမှုအပေါ် မူတည်၍ ပဲဆီ၊ နှမ်းဆီ ကြိတ်ခွဲခြင်းနှင့် အဆင့်မြင့် ဆီသန့်စင်၍ ဈေးကွက်တင်ပို့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစစ်ဆေးမှုများသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)