လှည်းကူးမြို့နယ်၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာ လိုအပ်ချက်ဆန်းစစ်ခြင်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လှည်းကူး ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်း ပညာလိုအပ်ချက်ဆန်းစစ်ခြင်းအစီအစဉ်နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံအရာရှိ ဦးပြေဟိန်းနိုင်က ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်းနှင့် တိုင်းရင်းသားဘာသာရပ်သင် ဆရာ/ဆရာမများခန့်ထားခြင်း အကြောင်းအရာများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နီခင်က တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုးများ၏ ဝိသေသရှေ့ဆောင်စကားလုံးများ ပါဝင်သည့် အမည်ဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် ပန်းခင်းစီမံချက်အကြောင်းစသည်တို့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်ဇော်က လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်းအကြောင်းကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က လူငယ်ရေးရာမူဝါဒများ၊ လူမှုရေးပင်စင်အကြောင်းကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဒေါ်မြင့်မြင့်ဆွေ သမဝါယမအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ အသေးစာစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက အသေးစားစက်မှုလက်မှုလုပ်ငန်းအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေအကြောင်းနှင့် ​သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို အသီးသီးဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်သင်တန်းတွင် သင်တန်းသား/သူ(၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၅)ရက်တာ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းနည်းပြမှ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)