ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးအသိပညာပေးဟောပြော၊ သရုပ်ပြခြင်းနှင့် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၈)နာရီက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ဆောင်ရွက်သည်။
အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်တွင် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ပြီး အင်းစိန်မြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးအဖြစ် ဈေးဝယ်သူပြည်သူများ၊ ဈေးသည်များအား မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မီးသတ်ဆေးဘူးများ လက်ဆောင်ပေးအပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်အလားတူ Diamond Lake Hotel တွင် မီးဘေးလုံခြုံရေးနှင့် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုများသွယ်တန်းထားရှိမှုများ၊ တပ်ဆင်ထားရှိသော မီးငြိမ်းသတ်ရေးပစ္စည်း၊ ကိရိယာများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စစ်ဆေးခဲ့ပြီး အသိပညာပေးလုပ်ငန်းအဖြစ် မီးဘေးအန္တရာယ်အသိပညာပေး ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးအကြောင်းအရာများကို ပြောကြားခဲ့သည်။
ဆောင်ရွက်ရာသို့ မီးသတ်ဦးစီးဌာနမှ ဌာနချုပ်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၊ မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်ဦး၊ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့်တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်များနှင့်ဈေးများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း၊ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)