စစ်တွေ ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်အား ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို အကြီးစားပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ လောကာနန္ဒာစေတီတော်ရင်ပြင်အတွင်း အသုံးပြုမည့် နေပူခံကျောက်ပြားများ အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဦးရဲကျော်သူ ကျောင်းတိုက်ပြုပြင်ပြီးစီးနေမှုနှင့် ပြုပြင်နေမှုအခြေအနေများ၊ သကျမုနိသိမ်တော်ကြီးပြုပြင်နေမှု အခြေအနေများကို လျှောက်ထားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးရဲကျော်သူကျောင်းတိုက်နှင့် သကျမုနိသိမ်တော်ကြီး ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုကြရာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ခံကကျောင်းတိုက်နှင့် သိမ်တော်ကြီးအား အကြီးစားပြုပြင်နေမှု၊ အဆင့်အဆင့် ပြုပြင်ပြီးစီးနေမှုနှင့် ဆက်လက်ပြုပြင်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သကျမုနိသိမ်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး သိမ်တော်ကြီးပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းသို့ သွားရောက်ပြီး အမ်ဗွီ-ရဲမာန်အောင်သင်္ဘောပေါ်မှ နေပူခံကျောက်ပြားများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြုကာ အတင်အချပြုလုပ်နေမှုကိုကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့်နေပူခံကျောက်ပြားများအား ယခင် ပြည်တော်အေးသင်္ဘောဖြင့် ၁၃၈၄၈၀ ရောက်ရှိခဲ့ပြီး ယခုအခါ အမ်ဗွီ-ရဲမာန်အောင် သင်္ဘောဖြင့် ကျောက်ပြား ၁၄၀၀၀ ကျော်ရောက်ရှိလာခြင်းဖြစ်ရာ စုစုပေါင်း ၁၅၂၄၈၀ ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)