ကျောက်ဆည်မြို့၌ Grade-5 စာမေးပွဲလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ကျောက်ဆည်  ဇန်နဝါရီ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်း အဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၄ ခုနှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကျောက်ဆည်မြို့နယ်ပညာရေးမှူး ဦးအေးလင်းက စာမေးပွဲလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းသည့်အခါ စနစ်တကျဖွဲ့စည်းပြီး ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ စာမေးပွဲလုပ်ငန်းများလုပ်ဆောင်ရာတွင် လွဲမှားမှုမရှိရေး ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်မြို့နယ်ဒုတိယပညာရေးမှူးများနှင့် လက်ထောက်ပညာရေးမှူးများမှ စာမေးပွဲမကျင်းပမီ ဆောင်ရွက်ရမည့် စာဖြေသူစာရင်းပြုစုခြင်း၊ စာစစ်ဌာနသတ်မှတ်ကြေညာခြင်း၊  ခုံအမှတ်ကြေညာခြင်း၊ အဖြေလွှာရိုက်နှိပ်ခြင်းနှင့်ဖြန့်ဝေခြင်း၊ မေးခွန်းပြုစုခြင်း၊ ရိုက်နှိပ်ခြင်း၊ ဖြန့်ဝေခြင်း၊ သိမ်းဆည်းခြင်းလုပ်ငန်းများအကြောင်းနှင့် စာမေးပွဲကျင်းပနေစဉ် ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စာမေးပွဲခန်းတွင်းနှင့် စာမေးပွဲခန်းအပြင်၊ လုံခြုံရေးဂိတ်၊ သန့်စင်ခန်းစောင့်ကြပ်သူ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ၊ စာမေးပွဲကျင်းပပြီး ဆာင်ရွက်ရမည့် အဖြေလွှာသိမ်းဆည်းခြင်း၊ ထုပ်ပိုးခြင်း၊ ပေးပို့ခြင်းနှင့် အစီအရင်ခံစာပေးပို့ခြင်း၊ အမှတ်ပေးစည်းမျဉ်းရေးဆွဲခြင်း၊ အဖြေလွှာစိစစ်ခြင်း၊ အမှတ်ပေးစာရင်းပြုစုခြင်း၊ အောင်စာရင်းပြုစုခြင်းနှင့်ထုတ်ပြန်ခြင်း စသည့်အကြောင်းအရာများအား အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် Grade-5 စာမေးပွဲများ ကျင်းပပြုလုပ်ရာတွင် ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေစေရေး စာဖြေဌာန(၁၃၈)နေရာသတ်မှတ်ထားပြီး ကျောင်းသား/ကျောင်းသူပေါင်း (၄၀၂၁)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၃၀)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၂၅)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၉)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၉)ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆) ကျောင်းရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)