ဥတ္တရသီရိမြို့နယ်တွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးထောင်စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ​ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာတွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးထောင်စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၇ နာရီက ပျဉ်းမနား-တောင်ညို ကားလမ်းမကြီးဘေး တောင်သူဦးထွန်းဝေ၏ နွေစပါး​စံပြစိုက်ခင်းတွင်ကျင်းပရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးထိန်လင်းဟန်၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်းလင်းဟန်နှင့် ဦးစီးအရာရှိ ဦးမျိုးနိုင်က ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအခြေအနေများ၊ ပျိုးထောင်စိုက်ခြင်းအားဖြင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ကောက်ကွက်ပြည့်မီခြင်း၊ ပင်ပွားကောင်းမွန်ခြင်း၊ ပေါင်းသတ်ဆေးသုံးစွဲရသက်သာခြင်း၊ စိုက်နည်းစနစ်ကောင်းမွန်ခြင်းတို့ကြောင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရန် သေချာခြင်းတို့ကို ရှင်းလင်းတင်ပြရာ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက စိုက်ပျိုးရေးတောင်သူများအနေဖြင့် ဒေသတွင်း အဓိကသီးနှံ (၁၀)မျိုးအတွက် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ စံနှုန်းအထွက်တိုးစေရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို မျှတစွာအသုံးပြုပြီး မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးဖို့လိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းစသည်တို့ကို လိုက်နာကျင့်သုံးပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့သည် ဆင်လူးငန်းစပ်ကန်မှ ရေပေးဝေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူမှ ရေပေးဝေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)