ပုဗ္ဗသီရိ ဇန်နဝါရီ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ YGW (YELLOW GENERATION WAVE) အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတကျောင်း၌ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်တိုင်း မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၁၆ ဦးဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ထားခြင်းမပြုရန်၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်နှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါက ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်ခြင်း၊ သတင်းစာစက္ကူဖြင့် ငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့ ငြှိမ်းသတ်ခြင်း၊ ဂက်စ်မီးဖိုမီးလောင်မှုကို ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်ခြင်းများကို သံဃာ တော်များ၊ ဆရာမ ၃၀ ဦး၊ ကျောင်းသား/ကျောင်းသူ ၃၀၀ ဦးအား လက်တွေ့သရုပ်ပြခြင်း၊ အဆောက်အဦများအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)