ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲအတွက် အသက် ၆၀ နှစ်နှင့် အထက် မဲဆန္ဒရှင် ပြည်သူများ ကြိုတင်ဆန္ဒမဲများ စတင်​ပေး

ကြည့်မြင်တိုင် အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းအ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီ  က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ကြိုတင်ဆန္ဒမဲပေးရာတွင်  အသက်(၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ၊  ကြိုတင်ဆန္ဒမဲများပေးနိုင်ရန်အတွက် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ  နံနက် ၈ နာရီမှ  ညနေ ၄ နာရီအထိ သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးနိုင်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သော မဲဆန္ဒရှင် သက်ကြီးရွယ်အိုများအား ဆန္ဒမဲပေးနိုင်ရန်အတွက် ရွေ့လျားမဲရုံစနစ်ဖြင့် အိမ်တိုင်ရာရောက် လှည့်လည်ကာ ဆန္ဒမဲများ ကောက်ယူလျက်ရှိပြီး ဆန္ဒပြုရာတွင်လည်း အမှန်ခြစ်တံဆိပ်တုံးဖြင့်သာ ဆန္ဒပြုရမည်ဖြစ်ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် (၂၂) ရပ်ကွက်ရှိပြီး  မဲရုံပေါင်း (၇၁) ရုံရှိကာ ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူပေါင်း (၈၅၀၀၀)ကျော် ရှိကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)