ညောင်ရွှေမြို့၌ ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဇန်နဝါရီ ၃၁

အခြေခံပညာကျောင်းများနှင့် ပတ်ဝန်းကျင်တွင် မီးဘေးလုံခြုံစိတ်ချရစေရန်၊ အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုလျော့နည်းပပျောက်စေရန်၊ မီးဘေးအန္တရာယ်ကျရောက်လာပါက လက်တွေ့မီးငြှိမ်းသတ်တတ်စေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကွင်းဆင်းဆောင်ရွက်မှုကို ဇန်နဝါရီ (၃၁) ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်မျိုးလှိုင်က မီးဘေးအန္တရာယ်အ ကြောင်း သိကောင်းစရာများ၊ ကြုံတွေ့ရတတ်သည့် မီးလောင်မှုများအကြောင်း၊ မီးဘေးအန္တရာယ်တွေ့ကြုံလာပါက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် မီးငြှိမ်းသတ်မှုများအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ရှေ့မောက်၌ မီးငြှိမ်းသတ်ခြင်းနည်းလမ်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များအတွင်း လူနေအိမ်များ၊ စားသောက်ဆိုင်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ လျှပ်စစ်မီးနှင့် အခြားမီးများအသုံးပြုထားရှိမှုများကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ