မော်လမြိုင် ဇန်နဝါရီ ၃၁
မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်တယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် MSMEs များ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်ပပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အားပေးလျက်ရှိပြီး မြန်မာ့ရော်ဘာကုန်ကြမ်းများကို နိုင်ငံတကာဈေးကွက်ရရှိရေးအာမခံချက်ရှိသည့် ရော်ဘာတင်ပို့နိုင်ရေးရှိမှသာ မြန်မာ့ရော်ဘာသည် ကမ္ဘာ့ပေါက်ဈေးအတိုင်း ဈေးနှုန်းများ ရရှိလာမှာဖြစ်သလို အဆင့်မီရော်ဘာစက်ရုံများရှိမှသာ အရည်အသွေးမီရော်ဘာများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင်လည်း မျက်နှာပန်းလှ၍ ရင်ပေါင်တန်းနိုင်မှာဖြစ်ကြောင်း၊ ရော်ဘာလုပ်ငန်းသည် မြန်မာ့စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးခြင်း၊ ပို့ကုန်၀င်ငွေများ ပံ့ပိုးပေးခြင်းနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာအထောက်အကူပြုပြီး မြန်မာ့ပို့ကုန်လုပ်ငန်းတွင် အဓိကပို့ကုန်တစ်ခုအဖြစ်ပါဝင်လျက်ရှိကြောင်း၊ မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှု အများဆုံးဒေသတစ်ခုဖြစ်ပြီး ၂၀၂၂-၂ဝ၂၃ ခုနှစ်တွင်စိုက်ဧကပေါင်း ၅၀၄,၉၈၈ ဧက စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် တစ်နိုင်ငံလုံးရော်ဘာစိုက်ပျိုးမှု၏ ၃၀.၈၉ ရာခိုင်နှုန်းရှိပြီး နှစ်စဉ်ထွက်ရှိလာသည့် ရော်ဘာများကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တရုတ်နှင့်ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ ရောင်းချနေကြကြောင်း၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့်ခြံရှင်များ၊ လုပ်ငန်းရှင်များအနေနှင့် အလုပ်ရုံဆွေးနွေးပွဲကနေ ရော်ဘာစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့်ရော်ဘာစံချိန်စံညွှန်းစသည်တို့ကို ကျွမ်းကျင်ပညာရှင်များက မျှဝေပေးသည့် အတွေ့အကြုံဗဟုသုတနည်းပညာများကို သေချာစွာ လေ့လာမှတ်သားပြီး ဆောင်ရွက်သွားစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တက်ရောက်လာသောကိုယ်စားလှယ်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)