သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများဆောင်ရွက်

သာစည် ဇန်နဝါရီ  ၃၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးဟောပြောခြင်းများနှင့် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများကို မြို့နယ်မီးသတ် ဦးစီးမှူးဦးထွန်းထွန်းဝင်း၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အမှတ်(၇) ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုမီးသတ်ဦးစီးမှူး ဦးစည်သူအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးပြီး မီးအသုံးပြုရာတွင် ဆောင်ရန်ရှောင်ရန်များနှင့် မီးဘေး လုံခြုံရေးဆိုင်ရာအကြံပြုချက်များအား အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာန၏ ဖုန်းနံပါတ်တို့ကို မြင်သာထင်ရှားအောင် ဆောင်ရွက်ထားရှိရန်၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ ပြည့်စုံစွာထားရှိရန်တို့ကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ကြပြီး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်လျက်ရှိကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း မီးသတ်စွမ်းရည်နှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ခေတ်မီကိရိယာများဖြင့် ဆောင်ရွက်ရာတွင် ပိုမိုကျွမ်းကျင်မှုရှိစေရန် အမြဲမပြတ်လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၊ လှိုင်းတက်နယ်မြေမီးသတ်စခန်းနှင့် ယင်းမာပင်နယ်မြေမီးသတ်စခန်းတို့ရှိပြီး နယ်မြေစခန်းများကလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)