မြစ်ကြီးနား ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှင့် ပြည်နယ်ရန်ပုံငွေဖြင့် တိုးချဲ့အဆောက်အဦသစ်များ တည်ဆောက်နေမှုများကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းများသတ်မှတ်ချိန်အမီပြီးစီးအောင် ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဝန်ထမ်းများနှင့် ရုံးသို့လာရောက်သူများ အနားယူနိုင်ရေး ဆောင်ရွက်ပေးထားသည့် Stone Garden ပန်းခြံငယ်အတွင်း မြေယာရှုခင်းများပြုပြင်၍ အလှပန်းပင်များ တိုးချဲ့စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရုံးပင်မအဆောက်အဦ အနောက်ဘက်မြေကွက်လပ်တွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနအလိုက် ရုံးအဖွဲ့များ၊ ဌာနခွဲ/ဌာနစုအသီးသီးမှ ဝန်ထမ်းများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် မုန်ညှင်း၊ ကိုက်လံ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရုံးသန့်ရှင်းသာယာပြီး သစ်ပင်ပန်းမံများဖြင့် စိမ်းလန်းစိုပြည်နေစေရေးအတွက် အလေးထားဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၄၇၄ ဒဿမ ၉၀၀ သန်းဖြင့် တည်ဆောက်လျက်ရှိသည့် CCTV ထိန်းချုပ်ရေးစင်တာ RC နှစ်ထပ်တိုးချဲ့အဆောက်အအုံသစ် တည်ဆောက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ရန်ပုံငွေကျပ် ၂၂၆ ဒဿမ ၅၀၀ သန်းဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် Steel Structure တစ်ထပ်အဆောက်အအုံသစ် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊ ပြည်နယ်ရန်ပုံငွေကျပ် ၇၄၁ ဒဿမ ၇၀၅ သန်းဖြင့် RC (၂)ထပ် ရုံးအဆောက်အအုံသစ် တည်ဆောက်နေမှု အခြေအနေများကိုလည်းကောင်း တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများ သတ်မှတ်ချိန်အမီ၊ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရုံးဝင်းအတွင်း ကျွန်းတော၌ စိုက်ပျိုးထားသည့် အာရဗီကာ ကော်ဖီပင်စိုက်ခင်းအတွင်း အသီးများဖြင့် ဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများကို လည်းကောင်း၊ ရုံးဝင်းရှေ့မြက်ခင်းပြင်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏ မြေယာရှုခင်းပြုပြင်ခြင်း၊ ပန်းအလှပင်များ တိုးချဲ့စိုက်ပျိုးခြင်းနှင့် မနောကွင်းငယ်နှင့် မနောတိုင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မကြာမီကျင်းပပြုလုပ်တော့မည့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် အဓိကကျသည့် စာစစ်ဌာနများ၏ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျောင်းသား/ ကျောင်းသူများအားလုံး စာမေးပွဲဖြေဆိုခွင့်ရရှိရေးကို အလေး အနက်ထား ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လက်ရှိစာရင်းများအရ တစ်ပြည်နယ်လုံးတွင် Grade-12 ဖြေဆိုမည့်သူ ၅၉၀၀ ကျော်ရှိသည့်အတွက် စာမေးပွဲ အောင်မြင်အေးချမ်းစွာကျင်းပ ပြီးစီးရေး၊ အောင်ချက်မြင့်မားရေးအတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ရပ်/ရွာအဖွဲ့အစည်းများ၊ ကျောင်းသား၊ ဆရာ၊ မိဘအားလုံးက အင်ပြည့်အားပြည့်ပူးပေါင်းအင်အားဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး ဦးတင်မောင်ထွေးက အောင်ချက်မြင့်မားရေးအတွက် ခရိုင်၊ မြို့နယ်များအလိုက် ပညာရေးမြင့်တင်မှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ မြစ်ကြီးနားတက္ကသိုလ်နှင့်လုပ်ငန်းစီမံချက်အတိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ စသည့် လုပ်ငန်းအစီအစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှတပ်မတော်အရာရှိများ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်နယ်ကော်မတီအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲများကို စာစစ်ဌာနများအလိုက် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည့် အခြေအနေများ၊ ကျောင်းသား/ ကျောင်းသူများ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အခြေအနေများ၊ စာမေးပွဲ မေးခွန်းလွှာများ အချိန်မီရောက်ရှိရေး တပ်မတော်မှ ပူးပေါင်းဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ယခင်နှစ်တက္ကသိုလ်ဝင်တန်းအောင် ချက်ရာခိုင်နှုန်းအရ တစ်နိုင်ငံလုံးတွင် အဆင့် (၂)ရရှိခဲ့သလို ယခုနှစ်တွင်လည်း စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး၊ အောင်ချက်မြင့်မားရေးကို ဝိုင်းဝန်းကြိုးစားနိုင်ရေးနှင့် စာစစ်ဌာနများ အခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ကချင်ပြည်နယ်၏ ပြည်နယ်တွင်း အမှတ်ပေးဘောလုံးပြိုင်ပွဲလိဒ်တစ်ခုဖြစ်သည့် မနောလိဒ်ဘောလုံးပြိုင်ပွဲ အုပ်စုတွင်း ပွဲစဉ်တစ်ခုဖြစ်သည့် နောင်ရာ FC အသင်းနှင့် Kachin Youth FC ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဗလမင်းထင် စံပြစိုက်ကွင်းသို့ သွားရောက်ပြီး စိုက်ကွင်းအတွင်း မန်ခိန်ကွင်းဘက်၌ ဆောင်းသီးထပ် လယ်သီးနှံအဖြစ် ဆီထွက်သီးနှံ ပဲပုပ်နှင့်နေကြာသီးညှပ်စိုက်ပျိုးထားရှိမှု၊ ခရမ်းချဉ်သီးစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းမှုအခြေအနေနှင့် အဆိုပါကွင်းအတွင်း လယ်ဧက ၇၅ ဧကတွင် အပြည့်အဝ သီးထပ်စိုက်ပျိုးနိုင်ရေးကို လည်းကောင်း၊ တပ်ကုန်းကွင်းဘက်၌လည်း ပဲပုပ်နှင့်နေကြာသီးညှပ်၊ ပြောင်းစိုက်ခင်းများ စိုက်ပျိုးထားရှိမှု၊ လယ်ဧက ၂၅ ဧက သီးထပ်စိုက်ပျိုးနိုင်ရေး လယ်ထွန်စက်ဖြင့် ထွန်ယက်ပေးနေမှု၊ ရေရရှိရေးပင်မမြောင်းအတွင်း ရေသွင်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သီးထပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းစေရေး လိုအပ်သည့်သီးနှံမျိုးစေ့၊ မြေသြဇာနှင့် နည်းပညာများပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)