မိုးမိတ် အောက်တိုဘာ ၃၀
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေးနှင့် မိုးမိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၅ နာရီ အချိန် က မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးသန်းဌေးက မဲရုံသုံးပစ္စည်းများ အပြည့်အစုံရရှိခြင်း ရှိ/မရှိ၊ မဲဆန္ဒရှင် အမည်စာရင်းများ အချိန်မီကပ်ထားနိုင်ခြင်း ရှိ/မရှိနှင့် အသက်(၆၀)နှစ်နှင့်အထက် ကြိုတင် ဆန္ဒမဲပေးနိုင်ရေး၊ ပယ်မဲ၊ ခိုင်လုံမဲများကို သေချာစွာစစ်ဆေးခြင်း၊ မဲရုံများ လုံခြုံမှုရှိ/မရှိနှင့် မည်သည့် ပါတီ၊ မည်သည့်လွှတ်တော် ကိုယ်စားလှယ်ကိုမျှ ဘက်လိုက်ဆောင်ရွက်ခြင်းမပြုဘဲ ပြဋ္ဌာန်း ထားသောဥပဒေ၊ နည်းဥပဒေများ အတိုင်းတိတိကျကျ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ တိတိကျကျဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း လိုအပ်ချက်နှင့် အခက်အခဲများရှိပါက တင်ပြ ဆွေးနွေးနိုင်ရေးအတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောသည်။
ဆက်လက်ပြီး မိုးမိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဒေါ်မြမြနှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမင်းလွင်တို့က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်ပနိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်ထားရှိမှု များနှင့် မိမိတို့ကော်မရှင် ရုံးပိုင်မရှိသည့်အတွက် ငှားရမ်းခွင့်ပြုပေးနိုင်ရေးတို့ကို ဆွေးနွေး တင်ပြခဲ့ကြသည်။
မိုးမိတ်မြို့နယ်တွင် မဲရုံပေါင်း (၆၈) ရုံရှိပြီး မိုးမိတ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ (၄၇၀၀၀) ကျော်ခန့်ရှိကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)