နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်၊ အေလာတိုက်နယ်ဆေးရုံ၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား ခရစ်ကတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၃၀

နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ဆေးရုံကြီး နှင့် လယ်ဝေးမြို့နယ် (ခုတင်-၁၀၀) ဆေးရုံမှ အထူးကုဆရာဝန်များပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်၊ ၂၅ ခုတင်ဆံ့ အေလာတိုက်နယ်ဆေးရုံ၌ အေလာအုပ်စုအတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူသွားရောက် ကြည့်ရှုအားပေးသည်။

ထို့နောက် ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့် ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကုသရေး ဦးစီးဌာန ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ်အထူးကု၊ သွားအထူးကု၊ အရိုးအထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊ အာဟာရဖြစ်စာသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများအား အမှတ်တရသစ်သီးခြင်း ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၅ ခုတင်ဆံ့ အေလာတိုက်နယ်ဆေးရုံအတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ အေလာတိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဝဏ္ဏမျိုးထွဋ် က လက်ခံရယူသည်။

ယနေ့ အေလာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါလူနာ ၉၆ ဦး၊ မျက်စိလူနာ ၁၀၅ ဦး၊ ခွဲစိတ် ၁၆ ၊ အရိုးလူနာ ၆၆ ဦး၊ ကလေးလူနာ ၁၃ ဦး၊ သားဖွားမီးယပ်လူနာ ၁၀ ဦး၊ သွား လူနာ ၂၃ ဦး၊ စုစုပေါင်းလူနာ ၃၂၉ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လူနာ ၁၈ ဦးကို ဆေးရုံကြီးများသို့ လွှဲပြောင်း၍ ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ ရွာသစ်ကျေးရွာရှိ နေပြည်တော်တိုင်းဝိနည်းဓိုရ် ရပ်/ ကျေး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန်ကျည်းတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသဝအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂) နှင့် တံတားအထူးအဖွဲ့ (၆) နေပြည်တော် တို့က လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအနီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ လယ်ဝေးမြို့နယ်၊ ရုံးပင်-အေးချမ်းသာ ဆက်သွယ်သော လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား ၈၄၀ ပေကို တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရုံးပင်-အောင်ချမ်း သာ တံတားချဉ်းကပ်လမ်း သုညဒသမ ၂၇၄ ကီလိုမီတာ အရှည်အား ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့စေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ရုံးပင်ကျေးရွာအုပ်စုအနီး ၂၀၂၃-၂၀၂၄ခုနှစ် အစေ့ထုတ်ပြောင်းသီးနှံ စပ်မျိုး မျိုးစေ့ထုတ်လုပ်ခြင်း ဧက ၄၀ တွင် Top Partner Co,Ltd ၏ ပြောင်းမျိုးစမ်းသပ်ကွက်သို့ သွားရောက်ကြည့်ရှုအားပေးရာ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောင်းသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံများကို ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး၊ စံနှုန်းပြည့်ထွက်ရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို အခြေခံ၍ နည်းစနစ်တစ်ကျ ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် စိုက်ပျိုးကြစေလိုကြောင်း မှာကြားပြီး ပြောင်းမျိုးစေ့များနှင့် သဘာဝမြေဩဇာများကို တောင်သူများအား ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် နေပြည်တော်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-မန္တလေး မြို့ရှောင်လမ်းပေါ်တွင် Thermo Plastic Paint ဆေးလိုင်းဆွဲခြင်းလုပ်ငန်း၊ လမ်းညွှန်၊ လမ်းအမှတ်အသားများ ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် မြို့ရှောင်လမ်းဘေးဝဲ/ယာတွင် အရိပ်ရသစ်ပင်များ သုံးတန်း စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပသည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ဇနီးများ၊ တာဝန်ရှိသူများက အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့်အသင်းများမှ အားကစားသမားများအားလည်းကောင်း၊ အမျိုးသား ခရစ်ကတ်ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့်အသင်းများမှ အားကစားသမားများအားလည်းကောင်း၊ တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများ၊ တံခွန်စိုက်ဆုဖလားများကို အသီးသီးပေးအပ်ချီးမြှင်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)