လသာ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားသေဆုံးမှုနှုန်း လျော့နည်းစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး DT (Diphtheria Tetanus) များ ထိုးနှံခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အတွင်းရှိ ကျောင်းအခြေပြုအခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ်မကျော်သော မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး DT (Diphtheria Tetanus) နှင့် သံချဆေးတိုက်ကျွေးခြင်းကို ဒေါက်တာမြင့်မြင့်မော်နှင့် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးခဲ့ခြင်း၊ မျက်ခမ်းစပ်ရောဂါများ စစ်ဆေးပေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းများကို အခြေခံပညာကျောင်းများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နန်းသဲနုအောင် (ပြန်/ဆက်)