ချင်းရွှေဟော် အောက်တိုဘာ ၃၀
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၄၃)ဦး အား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက အသွားအလာကန့်သတ် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိ/ မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ နေရပ်ပြန်ပြည်သူ အားလုံးတို့မှာ ရောဂါပိုးမတွေ့ရှိ၍ ယမန်နေ့၊ ညနေ(၄) နာရီအချိန်က ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ သည်။
အဆိုပါ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၄၃)ဦးမှာ အမျိုးသား(၂၃)ဦးနှင့် အမျိုးသမီး(၂၀)ဦးတို့ ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ(၁)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ(၂၀)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်မှ(၁)ဦး၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှ(၃)ဦး၊ မြို့သစ်မြို့နယ်မှ(၂)ဦး၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မှ(၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ(၄)ဦး၊ ကွတ်ခိုင်မြို့နယ်မှ(၁)ဦး၊ နမ္မတူမြို့နယ်မှ(၂)ဦး၊ လောက်ကိုင်မြို့နယ်မှ (၁)ဦး၊ သိန္နီမြို့နယ်မှ(၁)ဦး၊ တန့်ယန်းမြို့နယ်မှ(၁)ဦး၊ ကျောက်မဲမြို့နယ်မှ(၁)ဦး၊ ဟိုပန် မြို့နယ်မှ(၁)ဦး၊ တာမိုးညဲမြို့နယ်မှ(၂)ဦး နှင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ(၁)ဦး တို့ဖြစ်ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)