ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားရာ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲထွဋ်ဝင်းက အမှာစကားပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလငါးတန် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့်အတူ Grade-11 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်ပြည့်ဇင်ဖြိုးက လူငယ်နှင့်ကျန်းမာရေး၊ မခင်ယွန်းစံ လူငယ်နှင့်အားကစား၊ မောင်ငြိမ်းချမ်းအောင်က လူငယ်နှင့်ရည်မှန်းချက်၊ မောင်သော်တာထွန်းက လူငယ်နှင့်စာပေ၊ မောင်ကောင်းဇော်ဟိန်း လူငယ်နှင့်နည်းပညာ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ယင်းနောက် အထက်တန်းပြဆရာမကြီး ဒေါ်ထက်ထက်ဝင်းက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန် ကြိုးစားဖို့လိုကြောင်း ပြောကြားပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊  လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များနှင့် သုတ၊ ရသ၊ စာအုပ်၊ စာစောင်များ ပြသခြင်းကို ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲထွဋ်ဝင်း၊ (တာဝန်ခံ)ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)