တောင်ဥက္ကလာပ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က အမှတ် (၄) ရပ်ကွက်၊ သုတလမ်းအတွင်းရှိ ပြည်သူများအား မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇင်မင်း ဦးဆောင်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက် သုတလမ်းအတွင်းရှိ ပြည်သူများအား မီးသတိပြုစေရေး၊ ပေါ့ဆမှုမရှိစေရေး၊ မီးဘေးလုံခြုံရေးနှင့် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများ စစ်ဆေးခြင်းနှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရပ်ကွက်များအတွင်းရှိ အိမ်နှင့်စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးများတွင် မီးဘေးလုံခြုံရေး လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအတွက် လိုက်လံဆော်သြခြင်း၊ မီးဘေးကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဆော်သြခြင်း၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)