ဗိုလ်တထောင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ရပ်ကွက်အတွင်းအသက် ၆၅ နှစ်ကျော် အဘိုးအဘွားများ၊ ၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသူများ Pfizer ထိုးနှံပေး

ဗိုလ်တထောင် ဇန်နဝါရီ ၃၀

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးလုပ်ငန်းဌာနခွဲသည် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွားသေဆုံးမှုနှုန်း လျော့နည်းစေရေးအတွက် ကျောင်းသား ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး DT (Diphtheria Tetanus) များ ထိုးနှံခြင်းကို ဇန်နဝါရီစတုတ္ထပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အတွင်းရှိကျောင်းအခြေပြု အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ် မကျော်သော မူလတန်းအဆင့် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး DT (Diphtheria Tetanus) များကို ဒေါက်တာဟေမာဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးခဲ့ခြင်း၊ မျက်ခမ်းစပ်ရောဂါများ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး ရပ်ကွက်အတွင်းရှိ အသက် ၆၅ နှစ်ကျော် ၃၉ ဦးနှင့် အသက် ၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသူ ၁၀ ဦးတို့အားလည်း ကိုဗစ်ကာကွယ်ဆေး Pfizer ထိုးနှံမှု (monovalent) များကို ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင် (၂) တို့က ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည့်များမှာကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက်)