တောင်ကြီး ဇန်နဝါရီ ၃၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ(၃၀)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့နယ်၊ အောင်သပြေအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ တောင်ကြီးခရိုင်ပညာရေးမှူး၊ အောင်သပြေအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ အောင်သပြေအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ကြိုဆိုပါသည်” စုံညီပွဲတော်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဘက်စုံဖွံ့ဖြိုးတိုးတက်မှ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ကျောင်းအကျိုးဆောင်များကလည်း ကျောင်း၏ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးသည့် အဖွဲ့များဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာရေးကဏ္ဍကို အဆင့်ဆင့်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကဏ္ဍတွင် ထူးချွန်ထက်မြက်အောင် ကြိုးစားပေးကြရန် ပြောကြားသည်။
ထို့နောက်၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာပေ၊ ဂီတ၊ အနုပညာနှင့် အားကစားဘက်စုံထူးချွန်ဆုများ ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းတို့က ဆုများချီးမြှင့်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူကလေးများမှ အကပဒေသာဖြင့် ကပြဖျော်ကြ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အောင်သပြေအခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအဖွဲ့၊ တိုင်းရင်းသားရိုးရာယဥ်ကျေးမှုအကအဖွဲ့နှင့် ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအုပ်ဆရာမကြီးတို့မှ အသီးသီးလက်ခံ ရယူကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)