ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့၌ သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၃၀

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ကြီးမှူး၍ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြစ်ကြီးနားမြို့ရှိ နိုင်ငံ့ဝန်ထမ်း အမျိုးသမီးများအား သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက ယနေ့ ဟောပြောပွဲတွင်လည်း အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးဆက်ပွား ကျန်းမာရေးအကြောင်းကို ဟောပြောဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ကျန်းမာရေး အသိပညာဗဟုသုတများ တိုးပွားစွာ ရရှိစေပြီး မိမိပတ်ဝန်းကျင်တွင်လည်း ထပ်ဆင့်ဖြန့်ဝေပြောကြားပေးကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် မြစ်ကြီးနားခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ ဖြူဖြူသန့်က သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်း သိကောင်းစရာများနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ လှိုင်လှိုင်ဌေးက မျိုးဆက်ပွားကျန်းမာရေးအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)