မန္တလေး ဇန်နဝါရီ ၃၀
ဆေးဝါးတက္ကသိုလ်-မန္တလေး၏ ၂၀၂၃-၂၀၂၄ ပညာသင် ပထမနှစ် (၁၁/၂၀၂၃) သင်တန်းမှ ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ အဆိုပါတက္ကသိုလ်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသား/ကျောင်းသူများက ကမ္ဘာတည်သရွေ့ သီချင်းဖြင့် ကြိုဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဆေးဝါးတက္ကသိုလ် ကျောင်းသား/ကျောင်းသူများအနေဖြင့် တက္ကသိုလ်၏ ရင်ခွင်တွင်ခိုလှုံပြီး ကျောင်းစည်းကမ်းများကို လေးစားလိုက်နာကာ ထူးချွန်သူဆေးဝါး ပညာရှင်များဖြစ်လာသည်အထိ လေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ပညာကို ဆုံးခန်းတိုင်အောင် ခံယူချက်အပြည့်ဖြင့် ထဲထဲဝင်ဝင် ကြိုးစားသင်ယူ၍ တက္ကသိုလ်ကပေးသော ပညာလက်ဆောင်ကို အပြည့်အဝ ယူဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က လိုအပ်သည့် ကဏ္ဍများတွင် ပံ့ပိုးဖြည့်ဆည်းပေးနေပါကြောင်း၊ ၂၀၀၀ ခုနှစ်မှ စတင်၍ ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်-မန္တလေးအောက်တွင်လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ၍ ဆေးဝါးတက္ကသိုလ်-မန္တလေးအဖြစ် အဆင့်ဆင့် ပြောင်းလဲသတ်မှတ်ဖွင့်လှစ်နိုင်ခဲ့ပြီး စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ B.Pharmဘွဲ့ရ Pharmacists (၁၆၄၀) ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ (Master of Pharmacy) ဘွဲ့ရ(၄၉)ဦးနှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (Ph.D in Pharmacy) ဘွဲ့ရ(၈)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း ပိုမိုမြှင့်မားလာအောင် ဝိုင်းဝန်း ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ဆေးဝါးတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ် ဒေါက်တာသိန်းမေစောက ပညာသင်နှစ်အလိုက် တက်ရောက်သင်ကြားနေမှု အခြေအနေ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆုပေးပွဲ ကျင်းပရခြင်းများနှင့် နှုတ်ခွန်းဆက်စကားများကိုလည်းကောင်း၊ ဆေးဝါးသိပ္ပံ ပညာသင်တန်းအကြီးတန်းမှ ကျောင်းသားတစ်ဦးနှင့် ဆေးဝါးသိပ္ပံပထမနှစ် သင်တန်းမှ ကျောင်းသူတစ်ဦးတို့က မောင်မယ်သစ်လွင် ကြိုဆိုမှုအပေါ် ကျေးဇူးတင်စကားများကိုလည်းကောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပါမောက္ခချုပ်တို့က ထူးချွန် ကျောင်းသား/ကျောင်းသူများနှင့် ဆုရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး ကျောင်းသားကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဂုဏ်ပြုငွေများ ချီးမြှင့်ပြီး ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြောင်းနှင့် တက္ကသိုလ်၏ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် ဘာသာရပ်အလိုက် ပြသထားမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)