သထုံ ဇန်နဝါရီ ၃၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြည်နယ်ကုသရေး ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေး၊ အထူးကုသမှုများလိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ကုသမှုများ ရရှိနိုင်စေရေးရည်ရွယ်ကာ ယနေ့နံနက်က သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်တိုက်နယ်ဆေးရုံ၌ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့သည်။
နယ်လှည့်ကုသရာတွင် သထုံခရိုင်ကုသရေးဦးစီးဌာနမှ ဒု-ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးတို့ ဦးဆောင်သည့် အရိုး၊ သွား၊ သားဖွားမီးယပ်၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးနှင့် အထွေထွေရောဂါကု သမားတော်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့တို့က သုဝဏ္ဏဝတီမြို့နှင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများပေးအပ်ခြင်း၊ လိုအပ်သည့်ဆေးကုသမှုများ လမ်းညွှန်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါကွင်းဆင်းဆေးကုသရာတွင် အထွေထွေရောဂါ ၁၅၂ ဦး၊ ခွဲစိတ်လူနာ ၆ ဦး၊ အရိုးရောဂါ ၉၈ ဦိး၊ သွားရောဂါ ၁၉ ဦိး၊ ကလေး ၄၂ ဦးနှင့် သားဖွားမီးယပ်ရောဂါ ၁၅ ဦး စုစုပေါင်း ၃၃၂ ဦးတို့အား စစ်ဆေးကုသပေးနိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)