မန္တလေး ဇန်နဝါရီ ၃၀
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပပြုလုပ်မည့် MSME ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသသည့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၏ MSME ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများနှင့် ဒေသထွက်အစားအစာများ ခင်းကျင်းပြသနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် MSME လုပ်ငန်းများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအနေဖြင့် One Region One Product အဓိကထုတ်ကုန်များနှင့် အခြားသော ထုတ်ကုန်များကို ပါဝင်ပူးပေါင်းခင်းကျင်းပြသသွားမည်ဖြစ်ပြီး ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေးမှ တင်ပြချက်များ၊ ဆွေးနွေးအကြံပြုချက်များအပေါ် အတွေ့အကြုံများနှင့် ပေါင်းစပ်၍ စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်းက ပြခန်းများနှင့် တည်းခိုနေထိုင်ရေးအတွက် နေရာကြိုတင်ပြင်ဆင်ချထား ဆောင်ရွက်ပြီးစီးမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက တိုင်းဒေသကြီးအတွင်းရှိ ကဏ္ဍအလိုက် အသုံးစရိတ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေဇင်က ပါဝင်ပြသသည့် ကဏ္ဍအသီးသီးမှ MSME လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ တင်ပြချက်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ထွန်းထွန်းနိုင်