မြစ်ကြီးနား ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် လုပ်ငန်းများဖော်ဆောင်ရေးဆိုင်ရာ စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆုရွေးချယ်နိုင်ရေး ဆုရွေးချယ်ရေး လုပ်ငန်းကော်မတီက ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စိစစ်ရွေးချယ်နိုင်ရေးအတွက် ဆုရွေးချယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်း ရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖြစ်ပေါ်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရာ ယခုအခါ ဆုချီးမြှင့်နိုင်ရေးအတွက် စိစစ်ရွေးချယ်သည့်အဆင့် ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ဆုများချီးမြှင့်နိုင်ရေးအတွက် ယခုအစည်းအဝေးကို တက်ရောက်လာသည့် ကော်မတီဝင်များ အနေဖြင့် အလေးထားစိစစ်၍ ဆွေးနွေးအမှတ်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် လူငယ်/လူရွယ်များအကြား ပတ်ဝန်းကျင်ဆိုင်ရာအတွေးအမြင်များ ပိုမိုစိမ့်ဝင်ပျံ့နှံ့လာသည်နှင့်အတူ မိမိတို့နေထိုင်ရာပတ်ဝန်းကျင်ကို သန့်ရှင်းသာယာလှပမှုများ ပိုမိုဖန်တီးလာနိုင်မည်ဖြစ်သည့်အတွက် တွန်းအားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးက ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုချီးမြှင့်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီးစီးမှု အကျဉ်းချုပ်အား ရှင်းလင်း တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆုများရွေးချယ်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခြင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အစီအစဉ်အတွင် ပါဝင်ယှဉ်ပြိုင်သည့် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ပူတာအိုခရိုင် (၄) ခရိုင်မှ အခြေခံပညာအထက်တန်းအဆင့်ကျောင်း ၆ ကျောင်း၊ အလယ်တန်းအဆင့်ကျောင်း (၇)ကျောင်း၊ မူလတန်းအဆင့်ကျောင်း (၅) ကျောင်းတို့၏ အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်း စီမံချက်ပါအတိုင်း ဆောင်ရွက်ခဲ့ကြသည့် မှတ်တမ်းဗီဒီယိုများကို ကြည့်ရှု၍ စိစစ်အမှတ်ပေးခြင်း၊ အတည်ပြုရွေးချယ်ခြင်းတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)