ချမ်းအေးသာစံ ဇန်နဝါရီ ၃၀
ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က (၁၄)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများမှ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ညီညာမှ ပြည်သာမည်” ခေါင်းစဉ်ဖြင့် ကျင်းပရာ ကျောင်းသား၊ကျောင်းသူ (၁၃)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “စည်လုံးခြင်းသည်အင်အား” ခေါင်းစဉ်ဖြင့် ကျင်းပရာ ကျောင်းသား၊ကျောင်းသူ (၅၅)ဦး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် ကျင်းပရာ ကျောင်းသားကျောင်းသူ(၃၈)ဦး၊ အထက်တန်းအဆင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၄)ဦး၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် “ညီညာမှ ပြည်သာမည်” ခေါင်းစဉ်နှင့် “စည်းလုံးခြင်းမှသည် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ”ခေါင်းစဉ်များဖြင့် ကျင်းပရာ ကျောင်းသား၊ကျောင်းသူ (၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ဆောင်းပါးနှင့် ကျပန်းစကားပြောပြိုင်ပွဲများသို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွဋ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အခြေခံပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရိန်စိုးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်တို့က လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်