ပန်းဘဲတန်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းသို့ မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံအသိပေးနှိုးဆော်

ပန်းဘဲတန်း ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်မှုများကို ယမန်နေ့ညပိုင်းက ပန်းဘဲတန်းမြို့နယ်အတွင်း ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်သူရ ဦးဆောင်၍ သန္ဓေ (၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးတို့က ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်း၊ ပန်းဘဲတန်းမြို့နယ် အတွင်း မီးလောင်မှု/ မီးလန့်မှုများ လျော့နည်းပပျောက်စေရေးအတွက် မီးသတိပေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ထိုသို့အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားရင်းဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ် ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို ရပ်ကွက်လမ်းများသို့ မီးသတ်ကားဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဥမ္မာကျော်