မရမ်းကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

မရမ်းကုန်း ဇန်နဝါရီ ၃၀

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံရခြင်းများမှ ကင်းဝေးစေရေးအတွက် မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယ‌နေ့နံနက် ၈ နာရီအချိန်မှစတင်ကာ မရမ်းကုန်းမြို့နယ်အမှတ် (၁)ရပ်ကွက်၊ မြို့‌ဟောင်းပိုင်းအတွင်းရှိ နေအိမ်များသို့ မီးသုံးစွဲမှုစနစ်တကျရှိစေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်များအတွင်း သွယ်တန်းထားသည့် ဝါယာကြိုးဟောင်းနွမ်း ပေါက်ပြဲမှု ရှိ၊ မရှိ၊ ချက်ပြုတ်သည့်နေရာများတွင် အသုံးပြုသည့် မီးဖိုများအား ချက်ပြုတ်ပြီးပါက ငြှိမ်းသတ်မှု ရှိ၊ မရှိ၊ လျှပ်စစ်ပစ္စည်းများအား သုံးစွဲပြီးပါက ခလုတ်များနှင့် မီးပလပ်များဖြုတ်ခြင်း ရှိ/မရှိ၊ မီးငြှိမ်းသတ်ရေးအတွက် မီးသတ်ဆေး ဘူးများ၊ မီးချိတ်၊ မီးကပ်များ ပြင်ဆင်ထားရှိမှု ရှိ/မရှိတို့ကို တာဝန်ရှိသူများကစစ်ဆေးခဲ့ပြီး ထို့နောက် မီးလောင်ပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ မီးလောင်မှုအမျိုးအစားအလိုက် မီးလောင်မှုမကြီးမားခင် ပြည်သူများ ကိုယ်တိုင်ငြှိမ်းသတ်နိုင်သည့်နည်းစနစ်များနှင့် မီးဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေးအတွက် ဆောင်ရွက်ရမည့် အချက်အလက်များကိုလည်း ပညာပေးပြောကြားခဲ့ပါသည်။

အဆိုပါလုပ်ငန်းများကို မရမ်းကုန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးဦးစိုးနိုင် ဦးဆောင်၍မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးတို့နှင့်အတူ  အိမ်ထောင်စု(၁၂၀)စုထံ တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခဲ့ခြင်းကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)