ပုသိမ်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုကာကွယ်ရေး  ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ပုသိမ်ကြီး ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး အသိပေးဆော်ဩခြင်းနှင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်သည့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ရပ်ကွက်နှင့် ကျေးရွာများအလိုက် ဖွဲ့စည်းထားရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာအတွင်းရှိအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်ကာ၊ လျှပ်စစ်မီးသွယ်တန်း အသုံးပြုမှုအခြေအနေများ၊ မီးဖိုချောင်မီးသုံးစွဲမှု၊ မီးကြွင်း မီးကျန် မရှိရေးများ၊ မီးသတ်ဆေးဗူးထားရှိအသုံးပြုမှုနှင့် မီးချိတ်မီးကပ်ထားရှိမှု စသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

ထို့အပြင် မီးသတ်ယာဥ်ဖြင့် တစ်လမ်းဝင် တစ်လမ်းထွက် လှည့်လည်၍ ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ မီးသတိမူရေး အသိပေး ဟောပြောခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)