ကော့မှူးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကော့မှူး ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း မီးလောင်မှု၊မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းကို ယနေ့နံနက်က မြို့သစ်ရပ်ကွက်အတွင်း၌ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်နှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မိမိနေအိမ်တွင် အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်ပါက လျှပ်စစ်မီးကို စနစ်တကျကိုင်တွယ်အသုံးပြုကြရန်၊ ထင်း၊ မီးသွေးမီးဖိုဖြင့်ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များအား စနစ်တကျငြိမ်းသတ်ရန်၊ မီးချိပ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် ရေပုံးများ အဆင်သင့်ထားရှိကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များ ရှင်းလင်းပြောကြားပြီး မြို့သစ်ရပ်ကွက်အတွင်းရှိ အိမ်ခြေ (၄၂၃) အိမ်အား မီးဘေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ