နမ့်စန်(တ) ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်တို့ကို ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က-ခွဲ(၅ရပ်ကွက်)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦး က အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အ.ထ.က-ခွဲ(၅ရပ်ကွက်)မှ မောင်သီဟဟန်နှင့် မဖူးပွင့်ဇော်တို့က “လူငယ်နှင့် ရည်မှန်းချက်”၊ မောင်ပြည့်ဖြိုးအောင်နှင့် မောင်ပိုင်သက်မင်းတို့က “လူငယ်နှင့်စာရိတ္တ”၊ မောင်ကောင်းခန့်ဇာန်နှင့် မအိမ့်မှူးခင်တို့က “လူငယ်နှင့်ပညာရေး”၊ မောင်လင်းထက်ကိုကိုနှင့် မယွန်းလဲ့ဝေတို့က “လူငယ်နှင့်အားကစား”စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.ကခွဲ(၅ရပ်ကွက်)မှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)