နောင်မွန်း ဇန်နဝါရီ ၃၀
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဆိုင်ကယ်ပြုပြင်ခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုအပိုဝင်ငွေပုံမှန်ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လွင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းသားများအနေဖြင့် မိမိတို့သင်ယူတတ်မြောက်ခဲ့သော ပညာရပ်ကို ဆုံးခန်းတိုင်အောင် ဆက်လက်လေ့လာသင်ယူသွားကြရန်၊ ၎င်းပညာရပ်ဖြင့် မိမိတို့ မိသားစု အပိုဝင်ငွေရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်းပြုသွားကြရန်နှင့် မိမိဌာနက နောက်နှောင်တွင် ဆက်လက်ဖွင့်လှစ်ပေးမည့် အခြားသော အသက်မွေးဝမ်းကျောင်း အထောက် အကူပြု သင်တန်းများကိုလဲ စိတ်ပါဝင်စားစွာ လာတက်ရောက်ကြရန် ရှင်းလင်းမှာကြားသည်။
ထို့နောက် အဆိုပါသင်တန်းတွင် ထူးချွန်ဆုများရရှိခဲ့ကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လွင်က သင်တန်းနည်းပြဆရာအား အမှတ် တရလက်ဆောင် ပေးအပ်ခြင်းနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ သည်။
အဆိုပါသင်တန်းကို ဇန်နဝါရီလ ၁၅ ရက်မှ ဇန်နဝါရီလ ၂၉ ရက်အထိ သင်တန်းကာလ ၁၅ရက် အတွင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး မြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၁၃ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)