ရမည်းသင်း ဇန်နဝါရီ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ အစီအစဉ်ဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဖြင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားကာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဆန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စက်လျဉ်းသည်များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ဌာနဆိုင်ရာများက မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဆရာ/ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဖြင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းကို လက်တွေ့စမ်းသပ် ဆောင်ရွက်စေပြီး လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိတို့က ရှင်းလင်းပြသကြသည်။
အဆိုပါအီလက်ထရောနစ်မဲပေးစနစ်မှာ Internet ၊ Wifi ၊ Bluetooth စနစ်များပါဝင်ခြင်းမရှိ၊ ကွန်ပျူတာများကဲ့သို့ Window စနစ်(OS)များ မပါဝင်ကြောင်းနှင့် မိုက်ခရိုကွန်ထရိုလာစနစ် ဖြစ်သည့်အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသောစနစ်ဖြစ်ကြောင်း၊ အလွယ်တကူ ရရှိနိုင်ခြင်းမရှိသော ကြိုးများကို အသုံးပြုထားခြင်း၊ မဲရုံတွင်း၌ အများမြင်သာသောနေရာ၌ တပ်ဆင်ထားရှိခြင်း၊ အသုံးပြုသော ခလုတ်များသည် အကြိမ်သန်း(၇၀)ခန့် အသုံးပြုနိုင်သော ခလုတ်များဖြစ်ခြင်းကြောင့် မဲဆန္ဒရှင်ပြည်သူများအတွက် မဲလက်မှတ်လုံခြုံစိတ်ချရခြင်း၊ အချိန်ကုန်သက်သာပြီး တိကျမှန်ကန်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေသရုပ်ပြစမ်းသပ်မဲပေးခြင်း အစီအစဉ်သို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပညာရေးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား(၂၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်