တံတားဦး ဇန်နဝါရီ ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ စကားအင်းကျေးရွာ ကွင်းအမှတ် (၁၃၃၂) ဝတ္တခံအနောက်တောင်ကွင်းသို့ ရောက်ရှိပြီး တောင်သူများစိုက်ပျိုးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်းဆီထွက်သီးနှံနေကြာစိုက်ခင်းနှင့် ဆောင်းဂျုံစံပြကွက်(၂၅)ဧကအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ခင်းများနှင့်ပတ်သက်၍ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကနေဒီထွန်းက ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဆောင်းဂျုံ စံပြကွက်(၂၅)ဧကကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
တံတားဦးမြို့နယ်၊ ကျေးရွာအုပ်စု (၁၅)အုပ်စုရှိ နေကြာ(၅၁၀၀)ဧကအတွက် တစ်ဧကလျှင် ငွေကျပ် (၂) သိန်းထောက်ပံ့ပေးနိုင်ခဲ့ပြီး ဆောင်းနေကြာစိုက်ပျိုးရန် (၁၂၆၇၈)ဧက လျာထားကြောင်း၊ ဆောင်းဂျုံစံပြကွက်(၂၅)ဧက၊ ဂျုံစိုက်ပျိုးရန် (၄၆၀)ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ စိုက်ပျိုးပြီးသည့်ဧကမှာ (၄၀၆)ဧကဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)