နမ့်စန်မြို့ လွိုင်ငင်းကြီးအ.ထ.က(ခွဲ)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

နမ့်စန်(တ) ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဝမ်ပိန်းကျေးရွာအုပ်စုရှိ အ.ထ.က(ခွဲ) လွိုင်ငင်းကြီး(ပန်လင်း)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းသီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် မတ်ကျန်းဌာနေ ပြည်သူ့စစ်အဖွဲ့မှ ပညာရေးတာဝန်ခံ ဦးခွန်ထွန်းစံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က(ခွဲ)လွိုင်ငင်းကြီး ကျောင်းအုပ်ဆရာကြီး ဦးသိန်းအောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့မှ ပညာရေးတာဝန်ခံ ဦးခွန်ထွန်းစံ၊ အ.ထ.က(ခွဲ)လွိုင်ငင်းကြီး ကျောင်းအုပ်ဆရာကြီး ဦးသိန်းအောင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊  တာဝန်ရှိသူများက  ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်များတွင် အားကစားထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းတက်မှန်ဆုရဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အ.ထ.က(ခွဲ)လွိုင်ငင်းကြီး (ပန်လင်း)မှ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနားတက်ရောက်လာကြသူများကို သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)