ချမ်းမြသာစည် ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်၊ ရန်-မန်းသံလမ်းနှင့် စီပါလမ်းမကြား၊ မဏိရတနာလမ်းသွယ်၊ အကွက် (၈၅၃)တွင် ယမန်နေ့ ၆ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အကွက် (၈၅၃)၊ ချမ်းမြသာစည် တောင်ရပ်ကွက်တွင်နေထိုင်သူ ဦးမျိုးမင်းသန့်၏ နေအိမ် ဘုရားစင်တွင် ထွန်းညှိပူဇော်ထားသည့် ဖယောင်းတိုင်မှာ ဘုရားစင်အောက်ရှိ ဆိုဖာပေါ်သို့ ပြုတ်ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး ဦးစီးသည့် မီးသတ်တပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ လုံခြုံရေးတပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ ရေသည်ယာဉ် (၅)စီး၊ အုပ်ချုပ်မှု ယာဉ်(၃)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် သွပ်မိုး ထရံကာ မြေစိုက် (၁) ထပ်နေအိမ် (၂) လုံး၊ (၂) ထပ်တိုက် (၁) လုံး၊ ဆိုင်ကယ်တစ်စီးနှင့် Light Truck တစ်စီးတို့မီးလောင်ပျက်စီးခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲခဲ့သည့် ဦးမျိုးမင်းသန့်ကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့