ရွာငံ ဇန်နဝါရီ ၃၀
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မြို့နယ်အတွင်း နေထိုင်သူများအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။
ရွာငံမြို့နယ်အတွင်း နေထိုင်သူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူပြီး Database အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ဇော်လင်း ကြီးကြပ်မှုဖြင့် မြို့နယ်စာရင်းကောက်ယူရေးအဖွဲ့က ဆောင်ရွက်ပေးလျက်ရှိပြီး ကဇက်ကျေးရွာ၊ ကျောက်မြောင်းကျေးရွာအုပ်စုအတွင်း နေထိုင်သူများကို ဆက်လက်ကောက်ယူရာ ယနေ့အချိန်ထိ (၁၄၁၃၅) ဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် ဆောင်ရွက်ပြီးစီးသော Unique ID နံပါတ်ပါကတ်ပြားများအား ပြန်လည်ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)