မုဒုံမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပေးနှိုးဆော်

မုဒုံ ဇန်နဝါရီ ၃၀

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညက မြို့ပေါ်နှင့် ဘဲရမ်း၊ ကွမ်တာကျေးရွာများအတွင်းသို့ မီးသတ်ယာဥ်ဖြင့် လှည့်လည်ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဖုန်းမြင့်အေး ကြီးကြပ်၍ မီးတပ်သတ်ဖွဲ့ဝင်များက နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သံပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီး၊ မီးဖိုမီးကြွင်းမီးကျန်များကို စနစ်တကျငြှိမ်းသတ်ပြီးမှ အိပ်ကြရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများ သိုလောင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ မိမိနေအိမ်ပတ်ဝန်းကျင်ရှိ ရေအို၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များ မီးရှို့လိုပါက သတိပြုဆောင်ရွက်ရန်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန် စသည့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအချက်များကို လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)