အမရပူရ ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောတွင်ကျေးရွာအနီးရှိ ဆေးဝါးတက္ကသိုလ် (မန္တလေး) ပထမနှစ် (၁၁/၂၀၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆေးဝါးတက္ကသိုလ်ကျောင်းသား/သူလေးများက ကမ္ဘာတည်သရွေ့သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး ဆေးဝါးတက္ကသိုလ်ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းမေစောက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ဆေးဝါးသိပ္ပံအကြီးတန်းကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ဆက်စကားပြောမှုကို (၁၁/၂၀၂၃) ပထမနှစ်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားပထမပိုင်းကို ကျောင်းသား/သူလေးများက ဗုဒ္ဓပူဇနိယအကဖြင့် အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ဒုတိယအပိုင်းအနေဖြင့် ပျော်ပွဲရွှင်ပွဲအဖြစ် ကျောင်းသား၊ကျောင်းသူလေးများက သီချင်း၊ အက၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)