ရပ်စောက်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ဗထူး) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂/၂၀၂၄) အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဆင်းပွဲ ပြုလုပ်

ရပ်စောက် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ဗထူး) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂/၂၀၂၄) အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် ရပ်စောက်မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး (ကာယ)ဒေါ်အမာကြူနှင့် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းတို့က အဖွင့်အမှာစကားပြောကြားကြသည်။

ဆက်လက်၍ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ ဗိုလ်ကြီးမျိုးမြင့်မြတ်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “ကျွန်တော်တို့ကျောင်းမှာ ဒီနှစ်ပညာသင်နှစ်မှာ လူငယ်အဖွဲ့ဆိုပြီး ဖွဲ့စည်းထားတာရှိပါတယ်။ လူငယ်အဖွဲ့ကို ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်တွေကတော့ မိမိတို့ကျောင်း တွေမှာ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်သော လိမ္မာယဉ်ကျေးပြီး ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားတတ်သော အနာဂတ်လူငယ်များ ဖြစ်ပေါ်လာစေရန်စတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းသင်ကြားပေးနေတာဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ လူငယ်လေးတွေ အကျင့်စာရိတ္တမြင့်မားလာစေဖို့ သူတစ်ပါးကို ကူညီဆောင်ရွက်တတ်စေဖို့၊ လူအချင်းချင်း ရင်းနှီးချစ်ခင်လေးစားတတ်စေဖို့၊ စုပေါင်းဆောင်ရွက်တတ်စေဖို့စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်စေတဲ့အတွက် အခုလိုလူငယ်အဖွဲ့ကို ဖွဲ့စည်းပြီး ဘာသာရပ်(၁၀)ခုကို ရက်သတ္တပတ်အလိုက် သင်ကြားချိန်များခွဲဝေသင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ အခြေခံ ရှေးဦးသူနာပြုစုနည်းဘာသာရပ်ကို ထိုက်သင့်တဲ့သင်တန်းပို့ချချိန်တွေကို ခွဲဝေသင်ကြားပို့ချပြီး သင်တန်းဆင်းပွဲအခမ်းအနား ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ပြောသည်။

ထို့နောက် သင်တန်းသား သင်တန်းသူများမှ ရှေးဦးပြုစုခြင်းပညာရပ်အား သရုပ်ပြတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ချုပ်မှုတာဝန်ခံနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂါရဝပြုလက်ဆောင်နှင့် သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းမှ အ.ထ.က (ဗထူး) ကျောင်းသို့ ဆေးပုံးပြန်လည်လှူဒါန်းခဲ့ကြောင်းသိရသည်။

၎င်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများက တစ်မိုးအောက်က ကြက်ခြေနီသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြောင်း သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)