ထန်းတပင်မြို့နယ်၌ မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ကာ မဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ စတင်ကောက်ခံ

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၃၀

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင်  မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ မဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည် သူများအား ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု(၅၉) အုပ်စုတို့တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲကောက်ခံခြင်းလုပ်ငန်းများ အောက်တိုဘာ (၂၉) ရက်နေ့မှ နိုဝင်ဘာလ(၅)ရက်နေ့အထိရပ်ကွက်၊ ကျေးရွာအုပ်စု များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် မြို့ပေါ်ရပ်ကွက်များသို့လည်း အောက်တိုဘာ (၂၉) ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်များကကွင်းဆင်း ကြည့်ရှုစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မဲရုံတွေကို ကိုယ်တိုင်ကိုယ်ကျလာရောက်ကာ မဲမပေးနိုင်သည့် အသက် (၆၀)နှစ် အထက် သက်ကြီးဘိုးဘွားတွေ၊ နာမကျန်းဖြစ်သူတွေနှင့် သားဖွားမိခင် မဲဆန္ဒရှင်ပြည်သူတွေကို ဆန္ဒမဲပေး နိုင် မည့်အခွင့်အရေး မဆုံးရှုံးစေရန်ဖို့အတွက်ဆိုပြီးတော့ ယခုလို ကြိုတင်ဆန္ဒမဲကောက်ခံခြင်းကို ဆောင်ရွက်နေတာပါ၊  ထန်းတပင်မြို့နယ်မှာက အသက်(၆၀) နှစ်အထက် ကြိုတင်မဲပေး ခွင့်ရှိ သူ ဦးရေက လက်ရှိစာရင်းအရ (၁၅၀၅၀)ဦးရှိတယ် ဒါပေမယ့် အခုရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲတွေက နေပြီးတော့ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲတွေကို ကောက်ခံနေတဲ့အခါကြတော့ လက်ရှိစာရင်း ထက်ပိုတိုးရင်လည်းတိုးလာနိုင်တယ်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးတင့်က ရှင်းပြခဲ့သည်။

ဇင်မင်းထိုက်(ပြန်/ဆက်)